အသက်အရွယ်အလိုက် သိထားသင့်တဲ့ မိန်းမကိုယ်ကျန်းမာရေး
မိန်းမကိုယ်လို့ခေါ်တဲ့ အမျိုးသမီးလိင်အင်္ဂါ (Vagina) သည် အသက်အရွယ်နဲ့အမျှ ဟော်မုန်းပြောင်းလဲမှုပေါ် မူတည်ပြီး ချို့ယွင်းလာတတ်ပါတယ်။ ယောက်ျားလေးတွေနဲ့ ယှဉ်လိုက်ရင် မိန်းကလေးတွေဟာ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်နဲ့ ခန္ဓာကျန်းမာရေးတွေ မကြာခဏခံစားရနိုင်သလို ရာသီလာစဉ်၊ သွေးမဆုံးခင်နဲ့ သွေးဆုံးပြီးနောက်ပိုင်းမှာလည်း သတိထားရမယ့် ကျန်းမာရေးပြဿနာတွေ ရှိတာကြောင် မပေါ့ဆသင့်ပါဘူး။
အပျိုဖော်ဝင်ပြီး အသက် ၂၀ အရွယ်မှစတင်ပြီး သွေးဆုံးပြီးနောက်ပိုင်း အသက် ၅၀ အရွယ်ထိ မိန်းမကိုယ်ကျန်းမာရေး ပြောင်းလဲလာတတ်ပုံနဲ့ ဂရုပြုဖို့လိုအပ်မယ့်အချက်လေးတွေကို ဒီဆောင်းပါးမှာ ဝေမျှပေးချင်ပါတယ်။
အသက် ၂၀ အရွယ် မိန်းမကိုယ်ကျန်းမာရေး
အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာလန်းဆန်းမှု၊ ငယ်ရွယ်နုပျိုမှုတွေ အရှိဆုံးကာလဖြစ်ပြီး မဟော်မုန်းထုတ်လုပ်မှု များခြင်းကြောင့် မိန်းမကိုယ်သည် စိုလက်ကာ ရောဂါဘယ ဖြစ်နိုင်ခြေနည်းပါတယ်။ အက်စထရိုဂျင်လို့ခေါ်တဲ့ မဟော်မုန်းဟာ အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာရေးကို ထောက်ပံ့ပေးရုံသာမက လိင်စိတ်ဆန္ဒကိုပါ ဖြစ်ပေါ်စေလို့ ကာမစိတ်အထက်သန်ဆုံး ကာလလို့လည်း ဆိုနိုင်ပါတယ်။
ရာသီစက်ဝန်းဟာ ပုံမှန်အတိုင်း ဖြစ်ပေါ်တတ်သလို ဟော်မုန်းအပြောင်းအလဲကြောင့် ရက်စောခြင်း၊ ရက်နောက်ကျခြင်းမျိုး တစ်ခါတစ်ရံ ဖြစ်တတ်ပါတယ်။ မိန်းမကိုယ်အနံ့ဆိုး ကင်းစင်စေဖို့၊ မှိုရောဂါ မစွဲကပ်စေဖို့ ဒီအသက်အရွယ်မှ စတင်ပြီး မိန်းမကိုယ်ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ပိုမိုဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။
အသက် ၃၀ အရွယ် မိန်းမကိုယ်ကျန်းမာရေး
မိန်းမကိုယ် အတွင်းသားနှုတ်ခမ်းနံရံဟာ အရောင်မည်းညစ်လာတတ်တယ်။ တားဆေးအသောက်များတဲ့ အမျိုးသမီးတွေမှာ မိန်းမကိုယ်ခြောက်သွေ့ခြင်း ပြဿနာတွေ၊ ပုံမှန်ထက် အရည်ယိုစိမ့်မှုများလာခြင်း၊ ရာသီမမှန်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ မိန်းမကိုယ်မှ အရည်စိမ့်ထွက်နှုန်း ပိုများလာသလို အရောင်အားဖြင့် နို့နှစ်ရောင်ဘက်ကို သမ်းလာပါတယ်။ မဟော်မုန်းများ အနည်းငယ် ကျဆင်းလာပြီး လိင်ဆက်ဆံတဲ့ အကြိမ်ရေ များလာတာ၊ ကလေးမွေးတာတွေကြောင့် မိန်းမကိုယ်ဟာ ပိုပြီးခြောက်သွေ့လာတတ်သလို အနည်းငယ် ကျယ်လာနိုင်ပါတယ်။ ဒီပြဿနာအတွက် မိန်းမကိုယ်ပြန်ကျဉ်းစေတဲ့ Kegel လေ့ကျင့်ခန်းမျိုး လုပ်ပေးလို့ရပါတယ်။
အသက် ၄၀ အရွယ် မိန်းမကိုယ်ကျန်းမာရေး
ဒီအရွယ်မှာ စောစီးစွာ သွေးဆုံးသွားတတ်တာမျိုး ရှိနိုင်သလို သွေးမဆုံးခင်စပ်ကြားကာလ ဖြစ်လို့ မဟော်မုန်းထုတ်လုပ်မှုကတော့ ငယ်ရွယ်စဉ်ကနဲ့ ယှဉ်လိုက်ရင် တော်တော်လေး နည်းနေပါပြီ။ မဟော်မုန်းနည်းလာတာနဲ့အမျှ မိန်းမကိုယ်ခြောက်သွေ့ပြီး ကျဉ်းမြောင်းလာသလို မှိုပိုးစွဲကပ်ဖို့ အလားအလာပိုများတဲ့အတွက် ဆီးလမ်းကြောင်းပိုးဝင်တာ၊ လိင်ဆက်ဆံစဉ် သွေးထွက်ပြီး အလွန်အမင်းနာကျင်တာ၊ လိင်မှုကိစ္စအပေါ် စိတ်ပါဝင်စားမှု နည်းလာနိုင်ပါတယ်။
အသက် ၅၀ နောက်ပိုင်း မိန်းမကိုယ်ကျန်းမာရေး
သွေးဆုံးပြီးနှောင်းပိုင်းကာလ အမျိုးသမီးများအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများစွာ ခံစားရနိုင်တဲ့ အချိန်ကာလဖြစ်ပါတယ်။ မဟော်မုန်းတွေ မရှိသလောက် နည်းသွားတတ်သလို လုံးဝကုန်ခမ်းသွားတာမျိုးလည်း ဖြစ်နိုင်တယ်။
လိင်ဆက်ဆံဖို့လည်း စိတ်မပါတော့သလို အရေပြားမှိုစွဲခြင်း ပြဿနာများ၊ မိန်းမကိုယ်လမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ နာကျင်ကိုက်ခဲမှု ဝေဒနာများ၊ စိတ်ဓာတ်ကျခြင်း၊ လန်းဆန်းတက်ကြွမှု မရှိတော့ခြင်း စတဲ့ ပြဿနာတွေလည်း ကြုံလာရနိုင်ပါတယ်။ တချို့ အမျိုးသမီးတွေအနေနဲ့ ဒီအရွယ်မှာ စတင်ပြီး ဆီးမထိန်းနိုင်တော့တာ၊ ဆီးသွားပြီးရင်လည်း ဆီးကျန်နေသလို၊ ဆီးသွားချင်နေသေးတဲ့ ခံစားမှုမျိုး ရနိုင်ပါတယ်။
အမျိုးသမီးများအနေနဲ့ ငယ်ရွယ်စဉ်ကတည်းက ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ မိန်းမကိုယ်ကျန်းမာရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးကို သေချာဂရုစိုက်ဖို့ လိုသလို သွေးမဆုံးခင်စပ်ကြားကာလမှာလည်း ကြိုတင်၍ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး လိုအပ်တဲ့ ကာကွယ်မှုတွေ၊ ကုသမှုတွေကို လုပ်ထားနိုင်ရင် ပိုကောင်းပါတယ်။ အစာအာဟာရကို စုံလင်စွာ စားသုံးဖို့၊ အိပ်ချိန်မှန်စေဖို့၊ ရေများများ သောက်ဖို့ကိုတော့ အမြဲသတိထားပေးပါ။ မိန်းမကိုယ်ဟာ မသန့်ရှင်းရင်လည်း မကောင်းသလို သန့်ရှင်းလွန်းပြန်ရင်လည်း ကျန်းမာရေးပြဿနာဖြစ်နိုင်တဲ့အပြင် အသက်အရွယ်အလိုက် ကျန်းမာရေးပြဿနာတွေ ကြုံရနိုင်တာကြောင့် ဆရာဝန်နဲ့ ပုံမှန်ပြသပေးပြီး တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်တာတော့ အကောင်းဆုံးပါပဲ။
ရေးသားသူ - ရဲမျိုးမြတ်